Saturday, February 11, 2012
ပေးစာ၊ ရင်ဖွင့်စာ၊ တိုင်ကြားစာ ၈ စောင် (၁၁-၂-၂၀၁၂)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေမှ
ရခိုင်လွှတ်တော်ကိုယ်စားလှယ်များကို ကြိမ်းမောင်း
ရခိုင်လွှတ်တော်ကိုယ်စားလှယ်များကို ကြိမ်းမောင်း
၉-၂-၂၀၁၂ နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဆွေးနွေးစဉ် မကွေးတိုင်းမဲဆန္ဒယ် အမှတ် (၁၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ) က “အခု ကျနော် ပြောတာဟာ ပါတီကိုယ်စား ပြောတာပါ” ဟု အစချီပြီး “ရခိုင်ကိုယ်စားလှယ် ၅ ဦး ပြောရင် ၅ ဦးလုံး လျှပ်စစ်တောင်းတယ်၊ ကျောက်ဖြူ လူထုအစည်းအဝေးမှာတုန်းကလည်း ရွှေဂက်စ်က လျှပ်စစ်မရရင် လူထုဆန္ဒပြမယ်လို့ ပြောတယ်။ မိုးကုတ်က ကျောက်ထွက်လို့ မိုးကုတ်ကို ပေးရမလား၊ ရေနံချောင်းက ရေနံထွက်လို့ ရေနံချောင်းကို ပေးရမလား၊ ကိုယ့်ဒေသထွက်တိုင်း ပေးရမလား” လို့ နောက်လှည့် လက်ပြပြီး ဒေါမာန်အပြည့်နဲ့ ပြောသွားပါတယ်။ တကယ်တော့ ပြည်ထောင်စုလွှတ်တော် ဆိုတာဟာ ပါတီစည်းရုံးရေး စင်မြင့်မဟုတ်ပါဘူး။ နိုင်ငံတော်အကြီးအကဲများကလည်း (ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ၀ါဒစွဲ၊ ဘာသာစွဲ) မထားဖို့ အမြဲပြောနေတဲ့ကြားက ပါတီကိုယ်စား ပြောတာပါဆိုပြီး ဒေသအကျိုးအတွက် တင်ပြနေကြတဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကို မဆီမဆိုင် ပေါ်တင်ကြီး ကြိမ်းမောင်းတာကို အံ့သြမိပါတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက ဒီလိုရမ်းကားတဲ့ လုပ်ရပ်ကို လွှတ်တော်နာယကကြီးက ဘာမှ ၀င်မတားတာပါပဲ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ သခင်ဖိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေသပိတ် ပေါ်ပေါက်ခဲ့တယ်။ ရေနံတူးတဲ့ ရေနံလုပ်သားတွေ မီးခွက်ထွန်းဖို့ ရေနံတောင်မရှိအောင် ဆင်းရဲကြလို့ သပိတ်တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ မြန်မာတမျိုးသားလုံးရင်ထဲမှာ ဒီရေနံမြေသပိတ်တိုက်ပွဲကို မတရားမှုကို ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ဂုဏ်ယူစွာဖြင့် သမိုင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီလို လွှတ်တော်မှာ ဒီမိုကရေစီနည်းလမ်းကျကျ တင်ပြဆွေးနွေးနေကြတာကို အဏာရှင်ဆန်ဆန် ကျင့်သုံးလိုတဲ့အပေါ် ကျုပ်ဖြင့် မြင်ရတာ ရင်လေးမိပါတယ်။
အမည်မဖေါ်လိုသူ
လွှတ်တော်စောင့်နတ်တဦး
AK ကုမ္ပဏီ ၀န်ထမ်းများ အကောက်အစား ပိုမိုများပြားနေ
မြ၀တီ-ဘာအံကားလမ်းပေါ်ရှိ ညီနောင်ရွှာတွင် ကေက်ခံနေသော AK ဂိတ်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက စပြီး အကောက်အစား ပိုမိုများပြားလာတာ တွေ့ရပါတယ်။ AK တာဝန်ယူစဉ်အချိန်က ကာတစင်းလျှင် ၂,၀၀၀ ကျပ်သာ ကောက်ခံခဲ့သော်လည်း ယခုလျှင် ၄,၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံကာ အတင်းအကျပ် ပြုလုပ်လျက်ရှိပါတယ်။ AK Co.LTD လမ်းလုပ်ငန်းများအား ပြန်လည်အပ်နှင်းလိုက်ပြီ ဖြစ်သော်လည်း ကျန်ရှိနေသော ၀န်ထမ်းများက မြို့နယ်စည်ပင်နဲ့ ပူပေါင်းကာ ကောက်ခံမှုများရှိနေဆဲ ဖြစ်ပါတယ်။ ကောက်ခံသော ပိုက်ဆံ ၄,၀၀၀ ကျပ်အား ဖြတ်ပိုင်းတောင်းခံရာ ပေးဆောင်ခြင်းမရှိဘဲ ရိုင်းပြစွာ ဆက်ဆံခြင်းများ ရှိနေပါတယ်။ ဘယ်ကောင့်ကိုတိုင်တိုင် စောက်ဂရုမစိုက်ဘူး၊ ငါတို့လည်း ပိုင်လို့ လုပ်စားနေတာလို့ ပြောဆိုခြင်းများ ရှိနေပါတယ်။ ယခု ဒေါက်တာလွဏ်းဆွေဘလော့မှတဆင့် သက်ဆိုင်ရာ လူကြီးမင်းများ သိရှိနိုင်ရန် တင်ပြပေးစေလိုပါတယ်။
ko zay
ကရင်ပြည်နယ် ဘားအံက စခန်းမှူးနှင့် ရဲများရဲ့ မတရားရိုက်နှက်မှု
ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံတံတားပေါ်တွင်ရှိသော ရဲဂိတ် (၂၃.၁.၂၀၁၂) တွင် ကားနံပါတ် ၅၄၅၃ ဟိုင်းလက်ပေါ်တွင် ပါလာသော စပယ်ယာနှစ်ဦးနှင့် ဒရိုင်ဘာတို့ကို တံတားစောင့် ရဲတပ်ရင်းမှ ဒု-လုံခြုံရေးမှူးနှင့် သူ့တပည့်များက ငွေကြေး မတရားတောင်းခံပါသည်။ ကားသမားများအား နှမချင်း မစာနာစွာ ဆဲဆိုကြိမ်းမောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ကာ မြို့မရဲစခန်း (ဘားအံ) မှ စခန်းမှူးနှင့် ဒု-ရဲအုပ်မြင့်ဦးတို့သည် ကားအား စခန်းသို့ သိမ်းကာ ကားသမားများကို မတရား ထိုးကြိတ်ရိုက်နှက်ပါတော့သည်။
ထိုညမှာပင် နောင်လုံတံတားမှ ဒု-ရဲအုပ်နှင့် ကားပေါ်ပါလာသည့် ခရီးသည်များကို စစ်ဆေးသောအခါ ကားသမားများ မလွန်ကြောင်း သိမှ ထိုးကြိတ်မှုကို ရပ်လိုက်ပါသည်။ ဒီမိုကရေစီဆိုသည်မှာ ထိုကဲ့သို့ မတရားအုပ်ချုပ်မှုကို ခေါ်ပါသလား။ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း (သူက ဦးသန်းရွှေ အမျိုးလေဗျ) က မတရား ငွေကောက်ခံထိုင်းတာလား၊ သူပဲ ပိုက်ဆံရရင်ပြီးရော အောက်ခြေကို မသိဟန်ပြုတာလား၊ နိုင်ငံတော်ရဲ့ပေါ်လစီလား။
ထိုကဲ့သို့ တည်ဆဲဥပဒေများကို ချိုးဖောက်ကာ မင်းမဲ့စရိုက်ဆန်ဆန် ချိုးဖောက်နေသော စခန်းမှူးနှင့် နယ်ထိန်းတို့အား ထိရောက်စွာ အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ကျန်းမာပါစေလို့ ...
poat lay
Cleaning Government နှင့် ဖွံ့ဖြိုးလာဦးမည့် မြ၀တီကုန်သွယ်ရေးဇုန်
ကျနော်သည် ယနေ့ ၃-၂-၂၀၁၂ ရက်နေ့တွင် သူငယ်ချင်းတဦးမှ အလုပ်ကိစ္စအတွက် ခေါ်သဖြင့် မြ၀တီမြို့သို့ လိုင်းကားဖြင့် တက်ရောက်ခဲ့ပါသည်။ ယင်းနေ့တွင် (သုံးရက်တခါ တက်နေကျ ဖြစ်သော) ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းရှိသဖြင့် ပထမအသုတ်အနေဖြင့် အောက်ဘိုတဲစခန်းတွင် ၃ နာရီခန့် ရပ်နားခဲ့ရပါသည်။ ထပ်မံပြီး ဒုတိယအကြိမ် အလယ်ဘိုတဲ အရောက်တွင်လည်း ရပ်နားခဲ့ရပါသည်။ အလယ်ဘိုတဲမှ ညနေငါးနာရီခွဲခန့်တွင် ပြန်လည်လွှတ်ပေးရာ ၇ နာရီ ၄၅ မိနစ်ခန့်တွင် မြ၀တီ ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိခဲ့ပါသည်။ ဇုန်အရောက်တွင် Custom မှ မင်းတို့ကား ဘာတင်လာသလဲ ဟုမေးရာ ကားဒရိုင်ဘာမှ မြ၀တီမွေးမြူရေးဇုန်သို့ ပို့ရန် ဆန်ကွဲအိတ် ၂၀ တင်လာကြောင်း ပြောပါသည်။ ထိုအခါ Custom က ပိုက်ဆံသုံးထောင်ပေးပါ၊ မပေးရင် မလွှတ်ပေးနိုင်ဘူးဟု ပြောပါသည်။ ထိုအခါ ကားသမားမှ Custom အား ပိုက်ဆံသုံးထောင် ပေးပြီး ဆက်ထွက်ရန် ပြင်ရာ ထိုအချိန်တွင် တာဝန်ကျသော (ကုန်သွယ်ရေးဇုန် သင်္ဃန်းညီနောင်ဘက်အခြမ်း) မှ ဒု-တပ်ကြပ်တဦးမှ သေနတ်ကိုင်ကာ ပြေးလာပြီး မင်းတို့ကား ဘေးကပ်ရပ်ထား၊ မီးပိတ်ထား ငါ လုံခြုံရေးတာဝန်ကျတာ မင်းတို့ ဟိုကောင်တွေ ဘယ်လောက် ပေးလဲ၊ ငါ့ကိုလည်း အဲဒီလောက်ပေး၊ မပေးရင် မလွှတ်နိုင်ဘူးဟု ပြောပါသည်။ ကားသမားမှ ဆရာ ကျနော်တို့ တန်ဆာခ တအိတ် ၈၀၀ ပဲရပါတယ် ဆရာ၊ နှစ်ထောင်ယူပါ ဟုပြောရာ ပိုက်ဆံနှစ်ထောင်အား ကောက်ပစ်ပြီး ရင့်ရင့်သီးသီး ဆဲဆိုပါသည်။ ထိုအချိန်တွင် ပညာတတ်ပြီး အလွန်ကြောက်တတ်ကြသော Custom နှင့် immigration တို့မှ ပြေးလာပြီး ထိုရဲအား ချော့မော့ပြီး ဒီကား လွှတ်ပေးလိုက်ရန် ပြောဆိုပါသည်။ ထိုအခါ ထိုဒု-တပ်ကြပ်မှလည်း ငါလည်း တာဝန်ရှိတဲ့ကောင် မပေးရင် မသွားနဲ့ဟု ပြောပြီး တနာရီနီးပါးခန့် ရစ်ထားခြင်းကို ခံရပါသည်။ နောက်ဆုံးတွင် ထိုရဲ (ကုန်သွယ်ရေးဇုန် သင်္ဃန်းညီနောင်ဘက် အခြမ်းတွင်) Custom+ရဲ (၆,၀၀၀ ကျပ်)၊ (ကုန်သွယ်ရေးဇုန် မြ၀တီဘက်အခြမ်း) ရဲအား ၂,၀၀၀ကျပ် ပေးခဲ့ရပါသည်။ မင်းတို့ မပေးချင်လျှင် ၆ နာရီမထိုးမီ ကုန်သွယ်ရေးဇုန်အား ရောက်အောင်လာဟု ဆုံးမသြ၀ါဒပေးခြင်းလည်း ခံခဲ့ရပါသည်။ (သူ့အဖေလာလို့ လမ်းပိတ်ထားတာ သိသိကြီးနှင့် သေနတ်ကိုင်ပြီး ငွေတောင်း ဓမြတိုက်ခြင်းဖြစ်ပါသည်။) ထိုအချိန်တွင် တဖွဲ့လုံးမှာ မူးယစ်နေပြီး ပြည်နယ်ဝန်ကြီးချုပ် ပြန်သွားသည်မှာ အိမ်တောင် ပြန်မရောက်သေးသောအချိန်တွင် ဖြစ်ပျက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်သူများ သိစေရန် တင်ပြအပ်ပါသည်။ တလမ်းလုံးတွင်လည်း ထိုဆန်ကွဲအိတ် ၂၀ ဖြင့် လမ်းတံတားကြေး နှစ်ဆနှင့် ကြုံဆုံလာသမျှ လမ်းပေါ်ရှိ ဂိတ်အားလုံးအား ဂိတ်ကြေးနှစ်ဆ ပေးဆောင်ခဲ့ရပါသည်။ ဆရာသမားများမှ ဆန်ကွဲနှင့်ဆန် အတူတူပဲဟု ဆုံးမသင်ကြားပေးမှုများအားလည်း ခံခဲ့ရပါသည်။ စာရေးသူမှ ယခုမေးမြန်းခွင့်ရမည်ဆိုလျှင် ထိုပုဂိုလ်များအား ဆန်ကွဲကျွေးလျှင် စားမလားဟု မေးချင်ပါသည်။ နောက်ပြီး မြ၀တီသို့ တက်သလောက် ဆန်/ဆန်ကွဲအားလုံးမှာ တဘက်နိုင်ငံသို့ သွားသည်ဟု သူတို့မှ သတ်မှတ်လျှင် မြ၀တီမြို့သူမြို့သားများမှာ ဆန်မစားဘူးလားဟုလည်း မေးမြန်းခွင့်ရမည်ဆိုလျှင် ဒီနေရာမှ မေးမြန်းချင်ပါသည်။ စာရေးသူမှာ ထိုအချိန်တွင် ကင်မရာဖြင့် မှတ်တမ်းတင်ခဲ့ပါက စာရေးသူအား ချက်ခြင်းသေဒဏ်ပေးမည့် အနေအထားအထိ ဖြစ်ပျက်ခဲ့ပါသည်။
shwe mintharrexpress
ထိုင်းနိုင်ငံရောက် မြန်မာရဲ့ဒုက္ခ
ကျနော်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျနော်က ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတယောက်ပါ။ အလုပ်သမားလက်မှတ်လည်း ရှိပါတယ်။ အလုပ်သမားလက်မှတ်မပြီးဘူးတဲ့၊ ပတ်စပို့ လုပ်ရမယ် ဆိုပြီးပြော ပြန်တယ်။ ကျနော့်မှာ ငွေမရှိလို့ သူငယ်ချင်ထံက ချေးငှားပြီး ပတ်စပို့ လုပ်ရပြန်ပါတယ်။ ကုန်လိုက်တဲ့ငွေ သောက်သောက်လဲပဲ။ ဘန်ကောက်ပွဲစားဒဏ်ခံ လွတ်မယ်ကြံရုံရှိသေးတယ်။ တခါ မဲစောက်မှာ ထိပြန်ပြီ။
အဖြစ်က ဒီလိုပါ။ ရေကြီးလို့ မြန်မာကို ပြန်တော့ ပွဲစားက တထောင်နေရာမှာ ၁၃၀၀ တောင်းပြန်တယ်။ ပေးပြီးတော့အထွက် တုံးထုပေးပါတယ်။ ဒါနဲ့ မြန်မာပြည် ပြန်ခဲ့ပါတယ်။ ယခုအချိန်ထိ ငွေကုန်ပြီး အခက်ခဲမရှိပါဘူး။ ပြန်အတက်မှာ ပြဿနာ စတော့တာပဲ။ ကျနော် ဘန်ကောက်ပြန်ဖို့ ထိုင်းလဝကမှာ အဝင်တုံးပေးပါလို့ ပြောတော့ တံတာဖွင့်ပြီတဲ့၊ မြန်မာဘက်က အဝင်အထွက်တုံးသွားယူပါတဲ့၊ တခါ သွားယူရပါတယ်။ ယူပြီး ပြန်လာတော့ တခါ ထောလော ၃၈ လို့ ခေါ်တဲ့ နေထိုင်ခွင့်စာရွက် တောင်းပြန်တယ်။ ကျနော်လည်း ထိုစာရွက်ကို ပေးပါတယ်။ ဒါပေမယ့် ကျနော့်စာရွက်က ၂၅၄၇ နှစ် စာရွက်ဖြစ်လို့တဲ့ သက်တမ်ကုန်ပြီတဲ့။ ၂၅၅၄ စာရွက်မဟုတ်လို့ မလုပ်ပေးဘူတဲ့။ အကျိုအကြောင်း ရှင်းပြတော့လည်း လက်မခံဘူး။ ဒီစာရွက်က ဘန်ကောက်မှာ သွားတောင်းရမဖြစ်နိုင်ကြောင်း ပြောလည်းမရဘူး။ ကျနော့်လို တခြားလူတွေကိုလည်း ပြောလွှတ်လိုက်တယ်။ ဒီအချိန်မှာပဲ ထိုအမျိုးသမီး ဖုန်ကောက်ဆက်လိုက်တော့ ကျနော်တို့နားကို မြန်အမျိုးသားဆံပင်နောက်စည်းထားတဲ့ လူတယောက် ရောက်လာတယ်။ သူက အကျိုးအကြောင်မမေးဘဲ ကျနော် လုပ်ပေးမယ်၊ တယောက် ၄၅၀ ပေးရမယ် ပြောပြီး လာခေါ်သွားတယ်။ ကျနော်လည်း ဘာလုပ်ရမယ်မသိတော့ ပေးလိုက်တော့ ၁၀ မိနစ်ပဲ ကြာတယ်၊ အားလုံပြီးသွားတယ်။ ဖြစ်တဲ့အချိန်က (၁၂-၂-၂၀၁၂) နေလည် ၁ နာရီ ၄၅ မိနစ်ပါ။ ပြောတဲ့ အမျိုးသမီးက ပိန်ပိန်သေးသေးလေးပါ။ ဒီလိုဖြစ်ရပ်ဟာ နယ်စပ်ဒေသမှာ မဖြစ်သင့်တော့ပါဘူး။ ဒါကြောင့် နယ်စပ်ရေးရာ ကော်မတီနဲ့ တာဝန်ရှိသူ နယ်စပ်ရေးရာဝန်ထမ်းများ အမြန်ဆုံး ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံပါသည်။
ပဲခူးသား နိုင်ဝင်း
ဒီမိုကရေစီနိုင်ငံမှာ အမိန့်ဆိုတာ ရှိသေးလား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ အသင်းဝင်ခွင့် လျှောက်လွှာတွင် အမိန့်နှင့် ညွှန်ကြားချက်ဆိုသည်ကို တွေ့ရှိရသည့်အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အသင်းဝင်များ အားလုံးနီးပါးသည် အဆိုပါ အသင်းဝင်လျှောက်လွှာဖောင်ကို မဖြည့်စွက်ရဲဘဲ ရှိနေကြပါသည်။ ယခင် ၂၀၀၇/၂၀၀၈ ခုနှစ် ဤအသင်းကို တည်ထောင်စဉ်က မွန်ပြည်နယ်အတွင်း ရာသီဥတုနှင့် ရေမြေအနေအထားကြောင့် ကြက်သွန်စိုက်ပျိုးရန် အခက်အခဲရှိသည်ကို အသင်းဝင်မှ အသင်းသားများ သိရှိသော်လည်း အသင်းမှ တာဝန်ရှိသူများက အမိန့်နှင့် ညွှန်ကြားချက်ကြောင့် ဖိအားပေး၍ အတင်းစိုက်ခိုင်းသည့်အတွက် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ဖူးသည်။ စိုက်ပျိုးစရိတ်ဆိုပြီး အသင်းသားများထံမှ တဦးလျှင် သုံးသိန်း မထည့်မနေရ ထည့်ရပါသည်။ ထည့်ဝင်ခဲ့သည့် ငွေများကို ယခုအချိန်ထိ ရှင်းတမ်း မထွက်၊ ဘာမှလည်း ပြန်မရကြပါ။ ယခုအစိုးရလက်ထက်တွင် မည်သူ၏ အမိန့်နှင့် ညွှန်ကြားချက်များကို အသင်းဝင်များ လိုက်နာရဦးမည်နည်း။ ဒီမိုကရေစီနိုင်ငံတွင် အမိန့်ညွှန်ကြားချက် ဆိုတာရှိသေးလား။ ဤလျှောက်လွှာကို မည်သူရေးပြီးထုတ်တာလဲ ဆိုသော အချက်များကို အများသိစေရန်နှင့် ရှင်းလင်းဖြေကြားပေးပါရန် နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြအပ်ပါသည်။
(အသင်းဝင်လျှောက်လွှာကို ပူးတွဲတင်ပြအပ်ပါသည်)
အသင်းဝင်တဦး
ကျန်းမာရေးဝန်ကြီးသို့ ပေးစာ
ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်နှင့် ပြင်ပဆေးခန်းများတွင် ဆေးခန်းမထိုင်စေရန် ညွန်ကြားချက်ပေးသည်ဟု ကြားသိရပါသည်။ ထိုအကြောင်းအား ကျန်းမာရေးဝန်ထမ်းတဦးအား မေးကြည့်ရာ “ဟုတ်တယ်ဗျ ဆေးရုံအုပ်က အစည်းအဝေးမှာ ပြောလိုက်တာကို လိုက်နာရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာ၊ အများအမြင်မှာတော့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ထင်ရတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပေးပါ။ အခုလက်ရှိမှာ နိုင်ငံတော်က ပေးတဲ့လစာက ပြန်တန်းဝင်အရာရှိမှ တသိန်းလောက်ရှိတာ။ အဲဒီတသိန်းက ကားရှိတဲ့သူဆို ဆီဖိုးပေါ့။ ကားမရှိတဲ့သူဆိုရင်တော့ လမ်းစရိတ်တောင် မရဘူး။
ဒါကို မစဉ်းစားပေးဘဲနဲ့ အပြင်ဆေးခန်း မထိုင်ရဘူးတို့၊ အချိန်မှန်ရမယ်တို့ ဆိုတာကတော့ ဘယ်လို့မှ မဖြစ်နိုင်ဘူးဗျ။ တခုရှိတာက ၀န်ကြီးကော သူဝန်ကြီးမဖြစ်ခင်က အပြင်ဆေးခန်း မထိုင်ခဲ့ဘူးလား ဆိုတာပဲ။ အခုလူကြီးဖြစ်မှ အရင်ဘ၀တွေကို မေ့ပစ်ပြီး ပေါ်လစီအတိုင်း လိုက်လုပ်နေလို့ကတော့ ဒီမိုကရေစီနဲ့ သိပ်မကိုက်ညီဘူးထင်တယ်ဟု ဝေဖန်ပြောဆိုသံ ကြားခဲ့ရပါသည်။
အခြားဝန်ထမ်းတဦးမှလည်း ကျနော်တို့ ဆေးခန်းထိုင်တယ်ဆိုတာက မဖြစ်မနေထိုင်မှ ဖြစ်မယ့်အခြေအနေ မို့လို့ပါ။ လစာနဲ့ မလောက်ဘူးလေ။ ဒီကြားထဲ ဆရာဝန်ဆိုတဲ့ ဂုဏ်နဲ့ညီအောင် နေရသေးတယ်။ ၀တ်ရသေးတယ်။ မိသားစုကလည်းရှိတော့ လစာနဲ့ ဘယ်လိုမှမဆင်မပြေဘူး။ တကယ်သာ အဆင်ပြေနေရင် ဟိုပြေးဒီပြေးနဲ့ ဘယ်ဆေးခန်းမှ မထိုင်တော့ဘူး။ အေးအေးဆေးဆေး လစာတခုတည်း စားချင်ကြတာချည်းပဲပေါ့ဗျာ ဟု ရင်တွင်းစကားကို ဖွင့်ဟခဲ့ပြန်ပါသည်။ ထိုသို့ ပြောဆိုနေရာအနီးတွင်ရှိသော လူတဦးမှာ မင်းတို့ဝန်ကြီးကို မေးလိုက်စမ်းပါ၊ သူကော လစာနဲ့ပဲ စားသလား ဆိုတာကိုဟု ထပ်မံဖြည့်စွက် ပေးလိုက်ပါသည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီကျင့်သုံးသော နိုင်ငံအဖြစ် ပြောင်းလဲလိုက်သည်မှာ များမကြာလှသေးပါ။ အထက်လူကြီးများမှ ဒီမိုကရေစီအော်နေသော်လည်း အောက်ပိုင်းလူများမှာ အာဏာရှင်စနစ်တွင် အသားကျနေပြီဖြစ်သောကြောင့် ပြုပြင်မှုများ အလွန်လိုအပ်နေပါကြောင်း အာဏာရှိ လူကြီးများအား ကြောက်နေစရာမလိုဘဲ အမှန်တရားကို မြင်သာအောင် ရဲရဲဝံ့ဝံ့ ပြောဆိုရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဝိုင်းမိုးစက်
မြ၀တီ-ဘားအံလမ်းမှ ဒုက္ခအဖုံအဖုံ
သို့ .../နိုင်ငံတော်သမ္မတကြီးနှင့်တကွ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ အလုပ်သမားအကျိုးဆောင်အဖွဲ့အစည်းများ။
ယနေ့ နိုင်ငံရေးပြောင်းလဲမှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို တနိုင်ငံလုံးအတိုင်အတာနှင့် ဖော်ဆောင်နေသည်ကို ပြည်သူတဦးအနေနှင့် ထောက်ခံပါသည်။ ကျနော့်အနေနှင့် ကရင်ပြည်နယ်တွင် နေထိုင်ပြီး မိသာစုစားဝတ်နေရေးအတွက် မြ၀တီ-ဘားအံ-မော်လမြိုင် ကားပြေးဆွဲနေသူတဦး ဖြစ်ပါသည်။ မြ၀တီ-ဘားအံလမ်းခရီးတွင် တောင်ပေါ်တောင်အောက် လမ်းတလျှောက် လမ်းများမှာ အလွန်ပင် ဆိုးဝါးလှပါသည်။ (ပုံပါအတိုင်း) မြ၀တီတောင်ပေါ် လမ်းခရီတလျှောက်တွင် အနည်းဆုံး တလကို ကား ၃ စီးခန့် ချောက်ထဲကျ၍ ခရီးသည်များ အသက်ဆုံးရှုံးရသလို ကုန်ပစ္စည်းများ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရပါသည်။ ထိုသို့ ခရီးလမ်းဆိုးပေါ်တွင် သက်စွန်ဆံဖျား လုပ်ကိုင်ကာ မိသာစုစားဝတ်နေရေအတွက် ရှာဖွေနေရသော်လည်း လမ်းကြေးကောက်ခံနေကြသော အဖွဲ့အစည်းများမှာ တရားမ၀င် ငွေကြေးတောင်းခံနေသည့်အတွက် ကုန်သယ်နှင့် ကားသမားများ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပါသည်။
ပေးရသော လမ်းကြေးများမှာ ကုန်သွယ်ဇုံတွင် Haiace-HaiLux ကားကို ကျပ် ၂၀,၀၀၀၊ အထက် AK ဂိတ်တွင် ၂,၅၀၀။ တံတားကြိုးတွင် ၁၄,၅၀၀။ ကော့ကရိတ်တွင် ၈,၀၀၀။ ဂျိုင်းတံတားတွင် ၆,၀၀၀။ ဘားအံဝင်ကြေး ၅,၀၀၀ စုစုပေါင်း အသွားအပြန် တခေါက်တွင် ကျပ် ၁၅၅,၀၀၀ ကုန်ကျနေပါသည်။
နိုင်ငံတော်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်မှာ ပြည်သူလူထု စားဝတ်နေရေးဖူလုံစေရန်နှင့် အလုပ်အကိုင်ရရှိရန် ဖော်ဆောင်နေချိန်တွင် ယခုလို လမ်းခရီးတလျှောက် တရားမ၀င် ငွေကြေးကောက်ခံမှုများမှာ မရှိသင့်တော့ပေ။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ အနေနှင့်လည်း မိမိပြည်နယ်တွင် နေထိုင်သော လူထုအပေါ်တွင် မတရားလုပ်ဆောင်နေမှုများကို လူထုကိုယ်စား ဦးဆောင်ဖြေရှင်း ပေးမှသာလျှင် လူထုကြည်ညိုလေးစားသော ငြိမ်းချမ်းရေးအဖွဲ့အစည်းတရပ် ဖြစ်လာပေမည်။ သို့ပါ၍ ကရင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပြည်သူလူထု၏ အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ၀ိုင်းဝန်းဖြေရှင်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။
လေးစားစွာဖြင့် ...
ဖိုးခွား
အပြည့်အစုံသို့...ဒေါ်အောင်ဆန်းစုကြည် ကော့မှူး စည်းရုံးရေးခရီးစဉ်မြင်ကွင်း (၁၁-၂-၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး (ငှက်အော်စမ်းရွာ) လူထုဟောပြောပွဲ အစအဆုံး
No comments:
Post a Comment